ကြွက်နို့ကို ဘယ်လိုဖယ်ရှားမလဲ
ကြွက်နို့ဆိုတာ Human Papilloma Virus (HPV) ကြောင့် အရေပြားရဲ့ အပေါ်ဆုံးအလွှာမှာ ဖြစ်တဲ့ အဖုကလေး ဖြစ်ပါတယ်။ Human Papilloma Virus ကြောင့် Keratin ထုတ်လုပ်မှုတွေများပြီး အသားမာတက်သလို အဖုလေး ဖြစ်လာတာပါ။
ကြွက်နို့ဟာ လက်နဲ့ ခြေထောက်တွေမှာ အများအားဖြင့် ပေါက်တတ်ပြီး တစ်ဦးနဲ့တစ်ဦး ထိတွေ့ရာကနေ ကူးစက်နိုင်ပါတယ်။ ကြွက်နို့ရှိတာဟာ နေရထိုင်ရခက်တာ၊ လူကြားထဲ ရှက်ရတာမျိုးကလွဲရင် ဘာအန္တရာယ်မှ ကြီးကြီးမားမားမရှိပါဘူး။
ကလေးတွေမှာဖြစ်ရင် ကုသစရာမလိုဘဲ လပိုင်းလောက် ကြာတဲ့အခါ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ လူကြီးတွေမှာ ဆိုရင်တော့ သူ့အလိုလိုပျောက်သွားတာ ရှားပါတယ်။ အရေပြားဆရာဝန်တွေက ကြွက်နို့ကို ဖယ်ရှားပေးတဲ့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။
Cantharidin - ဒါကတော့ လိမ်းဆေးအနေနဲ့ ကြွက်နို့ပေါ်ကို သုတ်လိမ်းလိုက်တဲ့အခါ ကြွက်နို့ရဲ့အောက်မှာ အရည်ကြည်ဖုဖြစ်စေပြီး ရက်သတ္တပတ်လောက်ကြာတဲ့အခါမှ ဆရာဝန်က သေသွားတဲ့ကြွက်နို့ကို ပြန်လည်ဖယ်ရှားပေးတဲ့ ကုသမှုပါ။
Cryosurgery - အေးခဲထားတဲ့ နိုက်ထရိုဂျင်အရည်ကို ဂွမ်းနဲ့ဆွတ်ပြီး ဒါမှမဟုတ် စပရေးအနေနဲ့ ကြွက်နို့ပေါ်ကို ဖျန်းပြီး ဖယ်ရှားတာပါ။ နာကျင်မှုမရှိတဲ့ ကုသမှုဖြစ်ပြီး စက္ကန့် ၂၀ ခန့်ကြာမြင့်နိုင်ပါတယ်။ တစ်ပတ်ခန့်အကြာမှာ အနာကျက်သွားပါလိမ့်မယ်။
Electrosurgery and Curettage - ခွဲခန်းတွေမှာသုံးတဲ့ လျှပ်စစ်နဲ့ အသုံးပြုရတဲ့ စက်ကလေး အသုံးပြုပြီး ရှို့လိုက်အခါ ခြောက်သွားတဲ့ ကြွက်နို့ကို ခြစ်ချပြီးဖယ်ရှားတဲ့ ကုသမှုပါ။
Excision - ကြွက်နို့ကို ဖြတ်ထုတ်ဖယ်ရှားတဲ့ ကုသမှု ဖြစ်ပါတယ်။
Laser Treatment - တခြားနည်းနဲ့ ဖယ်ရှားရခက်တဲ့ ကြွက်နို့ဆိုရင်တော့ ထုံဆေးထိုးကာ လေဆာကို အသုံးပြုပြီး ဖယ်ရှားလို့ ရပါတယ်။
Chemical Peels - ကြွက်နို့က တစ်လုံးတည်း မဟုတ်ဘဲ အများကြီး ဖြစ်နေရင်တော့ Salicylic Acid , Tretinoin နဲ့ Glycolic Acid တွေပါတဲ့ ကွာကျစေတဲ့ဆေးကို နေ့စဥ်လိမ်းပြီး (Peeling Medicine) ကုသလေ့ရှိပါတယ်။
Bleomycin - ဒါကတော့ ကင်ဆာကုသရာမှာသုံးလေ့ရှိတဲ့ Bleomycin ဆေးကို ကြွက်နို့တစ်ခုချင်းဆီကို ထိုးပေးတာပါ။ နာကျင်မှု ရှိနိုင်ပြီး လက်သည်းအနီးမှာဆိုရင် လက်သည်းကွာကျတာမျိုး ဖြစ်နိုင်ပါတယ်။
Immunotherapy - တခြားဘယ်နည်းနဲ့မှ ဖယ်ရှားလို့ မရရင် Immunotherapy လို့ခေါ်တဲ့ မိမိရဲ့ကိုယ်ခံအားစနစ်က ကြွက်နို့ကို ပြန်လည်တိုက်ထုတ်တဲ့နည်းကို သုံးပါတယ်။ Diphencyprone (DCP) ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ကြွက်နို့ပေါ် သုတ်လိမ်းလိုက်တဲ့အခါ ကြွက်နို့နဲ့အနီးတစ်ဝိုက်မှာ အပျော့စားဓာတ်မတည့်မှုပုံစံ ဖြစ်လာပြီး ကြွက်နို့လည်း ပျောက်ကင်းသွားပါလိမ့်မယ်။
ကြွက်နို့ကို ဖယ်ရှားတဲ့နေရာမှာ မသန့်ရှင်းတဲ့ ပစ္စည်းတွေ၊ ဆေးမြီးတိုတွေ သုံးပြီး ဖယ်ရှားမိရင် အခန့်မသင့်တဲ့အခါ မေးခိုင်ပိုးအပါအဝင် ရောဂါပိုးတွေ ဝင်ရောက်နိုင်တာမို့ အရေပြားဆရာဝန်နဲ့ ပြသပြီး နည်းစနစ်တကျသာ ဖယ်ရှားသင့်ပါတယ်။
တကယ်တော့ ကြွက်နို့ကို အပြီးအပိုင် ဖယ်ရှားနိုင်တဲ့နည်းလမ်း မရှိပါဘူး။ လောလောဆယ် ဖယ်ရှားလို့ ရပေမယ့် ကြွက်နို့က ဗိုင်းရပ်စ်ပိုးတွေက အနီးနားက အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီးသာ ဖြစ်နေနိုင်တာမို့ တစ်ချိန်ချိန်မှာ ကြွက်နို့ဟာ ပြန်ပေါ်ကောင်းပေါ်လာနိုင်ပါတယ်။
အဲဒီလို ကြွက်နို့ထပ်မဖြစ်အောင် ကာကွယ်ဖို့အတွက်ဆိုရင် ကြွက်နို့အသစ်ဖြစ်တာနဲ့ (ဗိုင်းရပ်စ်တွေ အနားက အရေပြားထဲ မဝင်နိုင်ခင်) ချက်ချင်းဖယ်ရှားတာက အကောင်းဆုံးပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်